Saturday, November 10, 2012

အသံထွက်ဗျည်း ----ခင်ဝမ်းသစ်

အသံထွက်ဗျည်း ----ခင်ဝမ်းသစ်
(၁၉၉၃ စက်တင်ဘာ ရွှေသမင် မဂ္ဂဇင်း )

အိပ်ယာဝင်ချိန်
မျက်လုံးအိမ်ကို အနားပေး
နွေးထွေးစွာအိပ်ကြဖို့
မျက်စိသူငယ်အိမ်တွေက နှိုးဆော်
" အိပ်ပျော်ချိန် ၈နာရီရှိမှ" တဲ့
ဆရာဝန်ရဲ့စကား
ဖျားနာနေတဲ့နှလုံးသားကို မကျီစယ်ပါနဲ့ ....


ပရိုဇင်းတဲ့
ဗေလီယံတဲ့
ဒိုင်ယာဇီပန်တဲ့
ပေးတတ်လိုက်တဲ့ နာမည်တွေ
ကြားရုံနဲ့ရီဝေဝေ လွင့်မျော
နှစ်ခြိုက်စွာ အိပ်မောကျဖို့
သူတို့ကယ်မှတဲ့လား
ဆွံ့အနေတဲ့နှလုံးသားကို မနှိပ်စက်ပါနဲ့........

အပြာရောင်ကောင်းကင်
" မိုးယံဝဝယ် လကိုမြင်
ကြယ်စင် ဟုတ်ဘူး "
မြဝတီဦးစကိုမှန်း
လွမ်းဓလေ့ပတ်ပျိုး တပိုင်းတစ
သန်းခေါင်မှာထိုးခွဲ
တိမ်သားထဲမှာ နှစ်များကြာခဲ့ပေါ့
ဆို့နစ်နေတဲ့ နှလုံးသားကို မခြေမွပါနဲ့......

ဗျဉ်းသုံးဆယ့်သုံးလုံးထဲက
ဆယ်လုံးမြောက် ဗျဉ်းကလေး
အေးစက်ထုံထိုင်း ခပ်ရိုင်းရိုင်းဆက်ဆံ
သူ့သဏ္ဍာန်ဟာ
မှန်မှာတစ်မျိုး
အပြင်မှာတစ်မျိုး......

သည်လိုနဲ့ပဲ
တိတ်ဆိတ်စွာကြေကွဲနေတဲ့
အိပ်စက်မှုတွေကာလမှာ
နောက်ဆုံး " အ " တစ်လုံး
ဆယ်လုံးဗျဉ်းရှေ့
နှစ်ဆင့်ထိုးရှေ့ထွက်
ခပ်သွက်သွက်ရင်ကော့
မအိပ်တော့တဲ့ ငါ့နား
မာရသွန်ခြေဖဝါးနဲ့
လွှားခနဲ ခုန်ချ .......

အောက်နှုပ်ခမ်းက စိမ့်ထွက်လာတဲ့
သွေးစတွေကတော့
မေးဖျားနဲ့ တွေ့ဆုံနေကြပေါ့.......

ခင်ဝမ်းသစ်

No comments:

Post a Comment