Wednesday, April 6, 2011

ပညာရှိများ

တစ်ခါတုန်းက ပညာရှိတွေ အလွန်ပေါတဲ့ ရွာပိန်းလေး ဆိုတဲ့ရွာမှာ ရွာရိုးကိုးပေါက် ဈေးလှည့်ရောင်းတဲ့ ခေါင်းရွက်ဈေးသည် မုဆိုးမလေး မိအေးရဲ့အိမ်ရှိတယ်။

အိမ်ဆိုတာကလည်း အဲယားကွန်းမလိုအပ်တဲ့ ကြို့တို့ကျဲတဲ ၀ါးထရံကာ ၊ကြယ်မြင် လမြင် ဓနိမိုး၊ ၅ ပေကျော်တဲ့လူများ အိမ်ရှင်ကိုအရိုအသေပေးပြီး ခပ်ကုန်ကုန်းလေးလုပ် ၀င်ရတဲ့အိမ်၊ အိမ်ရှေ့အဖီကလေးလည်းရှိတဲ့ ခပ်နွှဲ့နွှဲ့ အိမ်..။ အဲဒီအိမ်မှာ မိအေးနဲ့အတူ ဖတဆိုးလေးဖြစ်တဲ့ အသက် နှစ်နှစ်ကျော်ကျော် ဂျစ်တူးဆိုတဲ့ ကောင်လေး ရှိတယ်။ တစ်ဦးတည်းသော သားလေးကို ဖူးဖူးမှုတ်လောက်အောင် ချစ်တာပေါ့။ ဈေးရောင်ပြီးလို့ အိမ်ပြန်လာတိုင်း ဂျစ်တူးလေးအတွက်စားစရာ တစ်ခုခုဝယ်ပြီးမှ ပြန်လေ့ရှိတယ်။
တစ်နေ့တော့ ဈေးရောင်းပြီး အိမ်အပြန် သားသားဂျစ်တူးလေးစားဖို့ ရွာထဲကနေ ပဲကြီးလှော် တွေဝယ်လာတယ်။ အိမ်ရောက်တော့ အိမ်ရှေ့အဖီလေးအောက်မှာ တစ်ယောက်ထဲ ဆော့နေ့တဲ့ ဂျစ်တူးလေးကိုတွေ့တယ်။ ဂျစ်တူးလေးကလည်း အမေပြန်လာတာတွေတော့ သူ့အတွက်ဘာများ ပါမလဲလို့ ပေကလပ်ပေကလပ်လေး ကြည့်နေတယ်။ မိတူးလည်း ရွက်လာတဲ့ရွက်တောင်းလေးကို အိမ်ရှေ့ အဖီလေးကို ထောက်ထားတဲ့ ၀ါးပိုးတိုင်အောက် နားလေးမှာချပြီး သားလေးကိုခေါ်တယ်။ ”သားလေးဂျစ် ရေလာပါအုံး”

ဂျစ်တူးက အပြေးလေးလာတယ်။မိတူးရဲ့ဘေးနားကတိုင်ကို လက်တစ်ဖက်နဲ့ ဖက်ပြီး တစ်ပတ်လည့်လိုက်သေးတယ်။ ပျော်လို့နေမှာ….မုန့်စားရတော့မှာကိုး..။ မိတူးကလည်းပြုံး ပြီးသားလေးကို ကြည့်ုတယ်။ ”သားလေးရေပျင်းနေပြီလား..ရော့သားလေးစားဖို့ မေမေပဲကြီးလှော်လေးတွေ ၀ယ်လာတယ်”ပေါ့။ ဂျစ်တူးလေးကလည်း ပါးစပ် နားရွက် တက်ချိတ်မတက်ပြုံးတယ်။ ဖတ်ထားတဲ့ ၀ါးပိုးတိုင်ကို ရင်ဘက်နဲ့ ဖိပြီး လက်နှစ်ဘက်နဲ့ တိုင်ကိုခွကာ မိအေးအရှေ့ကို လက်နှစ်ဘက်ဆန့်ပေးတယ်။ မိအေးလည်းဆန့်ပေးတဲ့ လက်နှစ်ဘက်ထဲကို ပဲကြီးလှော်တွေ အပြည့် ထည့်ပေးလိုက်တယ်။

“ သားလေးစားနေနှင့်နော်..မေမေ ထမင်းသွားချက်လိုက်အုံးမယ်” ပြောပြီး အိမ်နောက် ဖေးထဲကို ၀င်သွားတယ်။ကလေးကတော့ လက်ခုတ်ထဲက ပဲလှော်နဲ့ အလုပ်ရူပ်နေတယ်။ သူ့ ခန္ဓာကိုယ်လောက်ရှိတဲ့ ၀ါးပိုးတိုင်ကိုဖက်လျှက်နဲ့သူ့ လက်နှစ်ဖက်ပူးပြီး ပဲလှော်ကိုခံယူထားတာဆိုတော့ သူ့ လက်ထဲက ပဲလှော်သူ့ ပါးစပ်ထဲရောက်ဖို့ အ လယ်မှာတိုင် ခံနေတယ်။ သူစားလို့ မရဘူးဖြစ်နေတယ် လက်ကိုမြေုာက်ပြီးကြိုးစားတယ် မရဘူးပဲကြီးလှော်ကပြုတ်ကျသွားတယ်၊ လက်ကိုအောက်ဘက် အသာလျှော့ ဒူးထောက်ပြီး စားဖို့ ကြံတယ်၊ မရဘူး ခန္ဓာကိုယ်နဲ့ လက် ကြားထဲကတိုင်ကခံနေတယ်။ ဒီနည်းနဲ့ မရတော့ ထပြီးကြိုးစားပြန်တယ် စားလို့ မရတိုင်ခံနေတယ် ပဲလှော်နှစ်စေ့လောက် အောက်ကျသွားတယ်။ ထိုင်လိုက် ထလိုက်နဲ့ သူစိတ်တိုလာတယ်၊ လက်နှစ်ဖက်လည်း မဟ ရဲဘူး၊ လက်ဟလိုက်တာနဲ့ ပဲလှော်တွေကျ သွားမှာကိုး၊ မြင်သာမြင်မကြင်ရဖြစ်နေတယ်။ ကြာတော့ သူစိတ်ပိုတိုလာတယ် သူဘာလုပ်ရမလဲမကြံတတ်ဘူး။ အဲ ကျွမ်းကျင်တာတစ်ခုရှိတယ်။

ဒါနဲ့ သူ အကြွမ်းအကျင်ဆုံးအလုပ်ကိုလုပ်လိုက်တယ်“.၀ါး…၀ါး..၀ါး… …”

နောက်ဖေးမှာအလုပ်ရှုပ်နေတဲ့မိတူး ခေါင်းထောင်သွားတယ်၊ အိမ်ရှေ့မှာရှိတဲ့က လေးဘာလို့ အော်ငိုရလဲပေါ့၊ စဉ်းစားရင်းအိမ်ရှေ့ကိုအပြေးလေးထွက်လာတယ်၊ မြင်ကွင်းကေ၀၀ါးသွားတယ်…. မိတူးစဉ်းစားတယ် ငါ့ကလေးလက်ကြား ထဲမှာ တိုင်ကဘယ်လို ရောက်လာတာလဲပေါ့၊ ကလေးကို ကိုင်ကြည့်တယ် ကလေးကအာဗြဲကြီး နဲ့ ပို ငိုတယ် ။ ငိုမှာပေါ့ သူ့ အမေသူ့ ကိုဆွဲရင်ပဲကြီးလှော်တွေ ပြုတ်ကြမှာကိုး၊ ကလေးတအားငိုတော့ မိတူးကလေးကိုမထိရဲဘူး ဘာလို့ ဒီလောက်ငိုနေလဲ မစဉ်းစားတတ်ဘူး၊ လက်ကြားထဲကတိုင်ကြောင့်လား ..ဒါလည်း ဇဝေဇ၀ါ …. သူဘာလုပ်ရမလဲ စဉ်းစားတယ် နားတွေအူ လာတယ်။ ခေါင်းတွေကြီးလာတယ်၊ ဆံပင် တွေထောင်လာတယ် ။ သဘောမပေါက်ဘူး ကလေးကလည်းငိုနေတယ်၊ ဘာလုပ်ရမလဲစဉ်းစားရင်း….”လာကြပါအုံး ကယ်ကြပါအုံး ဂျစ်တူးလေး ဘာဖြစ်တယ်မသိဘူး ဆိုပြီးရပ်ကွက်ထဲလိုက်အော်တယ်၊ ရပ်ကွက်ထဲကလူတွေရောက်လာတယ် တိုင်မှာ လက်နှစ်ဖက်ကို ပူးပြီးကြိုးနဲ့ တုတ်ထား တဲ့ပုံမျိုး ကလေးကအာဗြဲကြီးနဲ့ ငိုနေတယ်၊ လက်ထဲမှာလည်း ပဲကြီးလှော် တွေအပြည့်။ လူတွေများများမြင်လေ ကလေးကပိုငိုလေ..သူ့ဝေစုလေး ခွဲပေးရတော့မယ် ထင်လို့။ သူကြီးရောက်လာတယ် မြင်ကွင်းအားလုံးကိုမြင်တယ်။သူကြီးစဉ်းစားတယ် ၊ဒါမှတကယ်ပြဿနာ… သူဖြေရှင်းမှရတော့မယ်..သူကိုပညာစမ်းတာလို့စဉ်းစာပြီး ရွာထဲက ပညာရှိတွေအားလုံးကို ဆင့်ခေါ်လိုက်တယ်။ ပညာရှိ ဆယ်ယောက်လောက်ရောက်လာတော့ သူကြီးက အခု ဂျစ်ထူးလေးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ အမိန့်ပေးလိုက်တယ်။ ပညာရှိတွေ ခေါင်းချင်းဆိုင်သွားတယ်။ တစ်ယောက်တစ်ပေါက်ပြောကြ ငြင်းကြနဲ့ ရှုတ်ကုန်တယ်။ သူကြီး စိတ်မရှည်တော့ ဘူး ထပ်ပြီးအမိန့်တော် ကြော်ငြာတယ်…“ဒီပြသနာကို အကောင်းဆုံး ရှင်းနိုင်တဲ့သူကို ရွာပိန်းလေး ရွာရဲ့ပညာရှိအစစ် အဖြစ်ရွေးချယ်မယ်” လို့ ။ အမိန့်သံကြားတာနဲ့ ပညာရှိတွေ အုပ်စုကွဲသွားတယ် သူအုပ်စု ကိုယ်အုပ်စုတွေ ခွဲပြီးပါတီဖွဲ့ကြတယ်၊ ရေတိုရေရှည်ပလန်(Plan)တွေဆွဲကြတယ်။ ကလေးအနားသွားပြီး အကဲခတ်ကြတယ်။ ဂျစ်တူးလေးကတော့ ငိုနေမြဲ…

ပထမ ပညာရှိ ပါတီ အဖွဲ့က အရင်ဆုံးသူကြီးကို အစီရင် ခံစာတင်တယ်.. “၀ါးပိုးတိုင်ကို အလည်ကနေ တစ်ပိုင်း အောက်ကနေတစ်ပိုင်း နှစ်ပိုင်းဖြတ်လိုက်ရင် ကလေးကို အသာလေး ယူလို့ရပြီ” လို့ လည်းဆိုရော မိအေး မျက်လုံးပြူးသွားတယ်။ နကိုယ်ကမှ ခပ်နွှဲ့နွှဲ့အိမ်လေး ၊သည်အိမ်ရှေ့က တိုင်တစ်တိုင်ထပ်ဖြတ်လိုက်ရင် အဖီကလေး တစ်ခြမ်းပါ အိကျသွားမှာပေါ့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူးပေါ့၊ သူကြီးကို အားကိုယ်တကြီးကြည့်တယ်။သူကြီးက လည်း မိအေးရဲ့ အကြည့်ကို နားလည်တော့ ပညာရှိတွေဘက် လည့်ပြီး “ မုဆိုးမအိမ်ဆိုတာ မဖျက်ဆီးကောင်းဘူးလို့ ရှေးလူကြီးတွေက မိန့်ဆိုထားတယ်..ဒါကြောင့် ပထမ အဆို တင်သွင်းတဲ့ တိုင်ဖြတ်ပါတီ အဖွဲ့ရဲ့ အဆိုကို ပယ်ဖျက်ပါတယ်” လို့ မိန့်မိန့်ကြီးပြောလိုက်ပြီး “အမိန့် အသစ်ချမယ် ဂျစ်တူးလေးလည်းလွှတ်ရမယ်.. ပဲလှော်တွေလည်း တစေ့မှ မဖိတ်စေရ …. မုဆိုးမအိမ်တိုင်တွေလည်းမဖြတ်ရ” ဆိုတော့ တိုင်ဖြတ်ပါတီတွေ အလိုလိုပြုတ်သွားတယ်။ ဒုတိယအဖွဲ့က အဆိုအသစ် တင်သွင်းတယ်။ “ ဒါဆို အိမ်တိုင်းကို မဖြတ်ဘူး တိုင်ရဲ့အောက်ကနေတူးပြီးမှ ကလေးကိုချွတ်ယူမယ် ..ကလေးလည်းလွတ်မယ် ပဲလှော်တွေလည်း မဖိတ်စေရဘူး”ဆိုတော့ သူကြီးက မျက်လုံးလေးမေးပြီး စဉ်းစားတယ်၊ ဒီအဆိုကတော့ ဟုတ်သလိုလိုပဲ လို့ တွေးပြီး မြေတူးပါတီကို “လုပ်စေ” လို့ အမိန့်ပေးလိုက်တယ်။ မြေတူးပါတီ လုပ်ငန်းစကြတယ်။ ရွာထု ပရိတ်သက်က သူ့ထက်ငှါ တိုးဝေ့ ကြည့်ကြတယ်။ ဒီလို ပညာရှိတွေရဲ့ ဆုံးဖြတ်ခန်းဆိုတာ ကြည့်ရခဲတာကိုး……….

မြေတူးပါတီကလည်း လူထုပရိတ်သတ်အရှေ့မှာ အားကျိုးမာန်တက် ကုန်းကုန်းကွကွ တူးကြတယ် မာန်ပါလွန်းအားကြီးတော့ ဂျစ်တူးကိုတိုက်မိတယ်၊ တိုက်မိတော့ ဂျစ်တူးလေးယိုင်သွားတယ်၊ယိုင်သွားတော့ ပဲလှော်တစ်စေ့နှစ်စေ့ ကျသွားတယ်။ ပဲလှော်တွေ ကျသွားတော့ ဂျစ်တူးက မြေတူးပါတီတွေကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကြည့်ပြီး “..၀ါး..၀ါး..၀ါး”

မြေတူးပါတီနှုတ်ထွက်ရပြီ ။ သူကြီးရဲ့ အမိန့်နဲ့မကိုက်ညီတဲ့ အလုပ်ဖြစ်သွားလို့ အလိုလိုပြုတ်သွားတယ်။ နောက်ဆုံးအဖွဲ့က အဆိုအသစ် တင်သွင်းတယ်။ “တိုင်လည်းမဖြတ်ဘူး..မြေလည်းမတူးဘူး… ဂျစ်တူးလေးလည်းလွှတ်ရမယ်.. ပဲလှော်တွေလည်း တစေ့မှ မဖိတ်စေရဘူး.. ၀ါးပိုးတိုင်အပေါ်က အိမ်အဖီရဲ့ အမိုးကို နည်းနည်းဖေါက်ပြီဂျစ်တူးကို မ ထုတ်မယ်..ပဲလှော်တွေမဖိတ်အောင် ဂျစ်တူးရဲ့လက်ကို နှစ်ယောက်က ၀ိုင်းထိန်းပေးမယ်” ဆိုတော့ သူကြီးက ခေါင်းတညိတ်ညိတ်နဲ့ အင်း ဟုတ်ပေတာပဲ လုပ်စေလို့ အမိန့်ပေးလိုက်တယ်။ အိမ်ဖေါက်ပါတီ လုပ်ငန်းစကြတယ်။ ရွာထု ပရိတ်သက်ကလည်း တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးပြီး သူထက်ငါ အလုအယက် ကြည့်ကြတယ်။ဒီလိုကိစ္စက တခြားရွာတွေကို သွားကြွားလို့သိပ်ကောင်းတဲ့ ရတောင့်ရခဲ သတင်းကောင်းလေ..။ အိမ်ဖေါက်ပါတီက တစ်ယောက်က အိမ်အမိုးကိုဖေါက်…. တစ်ယောက်က ဂျစ်တူးလေးကို မ…..တစ်ယောက်က ဂျစ်တူးလေးရဲ့ ပဲလှော်တွေပြည့်နေတဲ့လက်ခုတ်လေးကို အောက်ကနေပင့်ထိန်းပြီး ဂျစ်တူးလေးကို အိမ်တိုင်ကနေ အောင်မြင်စွာနဲ့ ချွတ်ယူလိုက်တယ်။ အောင်မြင်သွားတယ်။ ပဲလှော်တွေလည်းမဖိတ်ဘူး ..အိမ်တိုင်လည်းမဖျက်ရဘူး… တွင်းလည်းမတူးရဘူး….အဲ အိမ်ရှေ့ခေါင်မိုးလေးတော့ နည်းနည်းပေါက်သွားတယ်။ သူကြီးက ခါးလေးထောက်ပြီးပြုံးနေတယ်။ ရွာလုံးကျွတ် လူထုပရိတ်သတ်က လက်ခုတ်ဝိုင်းတီးကြတယ်။ မိအေးက အောင်နိုင်သူ အပြုံးလေးနဲ့ ခပ်ကြွားကြွားဟန်လေးနဲ့ လူထုပရိသတ်ဘက်လှည့်ပြီး လှမ်းပြောလိုက်တယ်……..

“ဒါမှ ဒို့ရွာက ပညာရှိတွေ” တဲ့။

1 comment: